CRPH အမည်ခံ ဆူပူအုံကြွရေးလှုံ့ဆော်သူတို့၏ မှတ်တမ်း (အပိုင်း-၁)



တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နဲ့အညီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ယာယီသမ္မတ ဦးမြင့်ဆွေက လွှဲပြောင်းပေးခဲ့ပါတယ်။ လွှဲပြောင်းပေးရခြင်းအကြောင်းဟာ NLD အစိုးရတာဝန်ယူဆောင်ရွက်စဉ်မှာ မဲလိမ်၊ မဲခိုး၊ မဲမသမာမှုတွေနဲ့ ပတ်သက်လို့ ဖြေရှင်းဆောင်ရွက်ရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့ပေမယ့်လည်း ဖြေရှင်းခြင်းမရှိခဲ့ဘူး။ မဲမသမာမှုပြဿနာကို မဖြေရှင်းတဲ့အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူပြီး အစိုးရသစ်ထပ်ဖွဲ့ဖို့အထိ ဇွတ်အတင်းဆောင်ရွက်လာတယ်။ ဒီအမှန်တရားကိုတော့ ဘယ်လိုမှ ဖုန်းကွယ်လို့မရပါဘူး။

တပ်မတော်ကာကွယ်ရေးဦးချုပ်ထံ အာဏာအရပ်ရပ်ကို (၁-၂-၂၀၂၁) ရက်နေ့မှလွှဲပြောင်းပေးအပ်လိုက်ပါတယ်။ ဘာကြောင့် ဒီလိုလွှဲအပ်ပေးလိုက်ရသလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်မှာ အတိအကျ ပြဆိုထားပါတယ်။ 

ပုဒ်မ ၄၁၇။ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကြမ်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ရယူဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စု ပြိုကွဲစေမည့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန်လုံလောက်သော အကြောင်းတွေ့ရှိလျှင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်။ ယင်းအမိန့်တွင် အရေးပေါ် အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေသည် နိုင်ငံတဝန်းလုံးဖြစ်ကြောင်းနှင့် အချိန်ကာလသတ်မှတ်ချက်သည် အမိန့်ထုတ်ပြန်သည့်နေ့မှ တစ်နှစ်အထိ ဖြစ်ကြောင်းဖော်ပြရမည်။

NLD ပါတီသည် တိုင်းပြည်ရဲ့ အာဏာကို အထက်ပါဥပဒေပြဋ္ဌာန်းချက်အရ ကြည့်မယ်ဆိုရင် မဲလိမ်မဲခိုးပြီး အဓမ္မနည်းနဲ့ အာဏာသက်ဆိုးရှည်ဖို့ ကြိုးပမ်းကြောင်း ထင်ရှားပါတယ်။ ဥပဒေအရ ကာလုံအစည်းအဝေးခေါ်ယူရာမှာ သမ္မတက ဦးဝင်းမြင့်၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူရှိသေးတယ်ဆိုတဲ့ အကြောင်းပြချက်တွေကို သုံးသပ်ပြောဆိုတာမျိုးတွေလည်း တွေ့ရပါတယ်။ ဦးဝင်းမြင့်၊ ဦးဟင်နရီဗန်ထီးယူ တို့ဟာ ၂၀၂၀ မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁-၂-၂၀၂၁ မှာ ခေါ်ယူထားတဲ့ လွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်နဲ့ တက်ရောက်ကြရတော့မှာပါ။ သူတို့ရဲ့ သမ္မတသက်တမ်းဟာ ဇန်နဝါရီ (၃၁)ရက်နေ့ညမှာပဲ ကုန်ဆုံးပါပြီ။ အခြားသော သမ္မတွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို ချိုးဖောက်ပြီး မဲဆွယ်စည်းရုံးတာတွေ လုပ်ခဲ့တာလည်း ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၆၄)ကို လေ့လာကြည့်ပါ။

ဒေါ်အောင်ဆန်းစုကြည်ဆိုတာဟာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို သမ္မတရဲ့ ရာထူးသက်တမ်းအတိုင်း သူတို့စိတ်တိုင်းကျ ဥပဒေရေးဆွဲခဲ့တာဖြစ်တဲ့အတွက် သမ္မတသက်တမ်းကုန်ဆုံးချိန်မှာပဲ သူ့ရဲ့ ဖန်တီးရယူထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ရာထူးလည်း ကုန်ဆုံးပြီဖြစ်ပါတယ်။ ဒါကြောင့် ကာလုံအစည်းအဝေးခေါ်ယူရာမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းမရှိတဲ့ ဒုသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအနေနဲ့ ဆောင်ရွက်ခဲ့တာကို နီပိန်းတွေကတော့ သဘောမပေါက်နိုင်ကြပါဘူး။

NLD ပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇အရ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ ကြိုးစားခဲ့ခြင်း ထင်ရှားတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၈ အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအရပ်ရပ်ကို လွှဲအပ်လိုက်ခြင်းဖြစ်ပါတယ်။

ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ နိုင်ငံတော်တာဝန်များကို ဆောင်ရွက်စဉ်မှာ ချိုးဖောက်ခဲ့တဲ့ ဥပဒေမဲ့လုပ်ရပ်တွေအတွက် ထိန်းသိမ်းခဲ့ပါတယ်။ NLD ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေကို စည်ပင်ဧည့်ရိပ်သာမှာပဲ ခေတ္တထိန်းထားခဲ့ပါတယ်။

ဒီနေရာမှာ ပုဒ်မ ၄၁၈(က) ရဲ့ ပြဋ္ဌာန်းချက်ကို နားလည်ဖို့ လိုပါပြီ။

ပုဒ်မ ၄၁၈(က) ပုဒ်မ ၄၁၇အရ အရေးပေါ်အခြေအနေ ကြေညာသည့်ကိစ္စရပ်တွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အတွင်း မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ လိုအပ်သည့်အရေးယူဆောင်ရွက်မှုများ ပြုနိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို လွှဲအပ်ကြောင်း ကြေညာရမည်။ ယင်းသို့ ကြေညာသည့်နေ့မှစ၍ လွှတ်တော်အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများကို ရပ်ဆိုင်းထားသည်ဟု မှတ်ယူရမည်။ ယင်းလွှတ်တော်များ၏ သက်တမ်းကုန်ဆုံးသည့်အခါ သက်ဆိုင်ရာလွှတ်တော်များသည် အလိုအလျောက် ဖျက်သိမ်းပြီးဖြစ်သည်ဟု မှတ်ယူရမည်။

ဒီဥပဒေပုဒ်မကို ကြည့်လိုက်တာနဲ့ အရေးပေါ် အခြေအနေကြေညာပြီးသည့်နေ့မှစ၍ လွှတ်တော်ဟာ ဖျက်သိမ်းပြီးဖြစ်တယ်လို့ ဖွဲ့စည်းပုံက ပြဆိုထားပြီးသားပါ။ ဒီဥပဒေပြဋ္ဌာန်းချက်ကို NLD ပါတီက ကိုယ်စားလှယ်လောင်းတွေက် မျက်ကွယ်ပြုပြီး တပ်မတော်က သဘေားထားကြီးစွာနဲ့ သူတို့တွေကို နေပြည်တော်စည်ပင်ဧည့်ရိပ်သာကနေ ပြန်ခွင့်ပြုလိုက်တဲ့အခါမှာတော့ ဥပဒေမဲ့ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းပြီး စင်ပြိုင်အစိုးရသဖွယ် ဆောင်ရွက်လာတော့တာပါပဲ။

အဲဒီအဖွဲ့အစည်းရဲ့ နာမည်ကတော့ CRPH လို့ အမည်ခံထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို (၆-၂-၂၀၂၁) ရက်နေ့မှာ ဖွဲ့စည်းပြီး Facebook မှာ page တစ်ခု တည်ထောင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တာဝန်ယူဆောင်ရွက်နေတဲ့ တပ်မတော်ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရယန္တရားပျက်ပြားစေရေးအတွက် နည်းလမ်းအမျိုးမျိုးနဲ့ လှုံ့ဆော်တော့တာပါပဲ။

သူတို့ CRPH အဖြစ် မဖွဲ့စည်းမီက မင်းကိုနိုင်၊ ဂျင်မီ၊ မျိုးရန်နောင်သိန်း၊ အင်းစိန်အောင်စိုး၊ အဆိုတော်လင်းလင်း၊ ပန်ဆယ်လို၊ မောင်မောင်အေး တို့က လူထုအုံကြွမှုတွေ ဖြစ်ဖို့ စတင်လှုံ့ဆော်နေခဲ့ပါတယ်။ CRPH ကို ဖွဲ့စည်းပြီးချိန်မှာတော့ ဆူပူအုံကြွရေးအတွက် ပူးပေါင်းလှုံ့ဆော်မှုတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။

သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ အစိုးရယန္တရားပျက်ပြားမှ သူတို့နိုင်မှာဖြစ်တဲ့အတွက် အစိုးရယန္တရားပျက်ပြားအောင် အစိုးရဝန်ထမ်းတွေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ခြင်းမပြုဘဲ Civil Disobedience Movement (CDM) လှုပ်ရှားမှုကို စတင်လှုံ့ဆော်ခဲ့ပါတယ်။ သူတို့တွေနဲ့အတူ အနုပညာရှင်အသိုင်းအဝိုင်းက လျှပ်ပေါ်လော်လီအနုပညာရှင်တွေကပါ လိုက်ပါလှုံ့ဆော်လာကြပါတယ်။ သူတို့ကို ထောက်ခံအားပေးတဲ့ လူငယ်တွေကို သွေးထိုးမြှောက်ပင့်ပေးပြီး ဝန်ထမ်းတွေ အလုပ်မလုပ်နိုင်အောင် လိုက်လံနှောက်ယှက်ခိုင်းတာက စလို ဝန်ထမ်းအိမ်ယာတွေရှေ့မှာ လိုက်လံဆူပူအော်ဟစ်ပြီး ဒီမိုကရေစီမဆန်တဲ့ လုပ်ရပ်တွေနဲ့ ဒီမိုကရေစီရရှိရေး တောင်းဆိုမှုတွေ လုပ်ဆောင်လာကြပါတယ်။

NLD လွှတ်တော်အမတ်ဟောင်းတွေက ၅-၂-၂၀၂၁ ရက်နေ့မှာ Zoom Meeting ပြုလုပ်ပြီး ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ " စစ်တပ်ကာကွယ်ရေး ဦးစီးချုပ် မှ ရွေးကောက်ခံ အရပ်သားအစိုးရ ထံမှ အဓမ္မ အာဏာသိမ်းယူပြီး နောက် - နေပြည်တော် စည်ပင်ရိပ်သာ မှ စစ်တပ်ဖိအားဖြင့် ဖယ်ရှားခံ ရပြီး ၊ နေရပ်အသီးသီးသို့ ပြန့်နှံ့ ရောက်ရှိသွားကြသော ရွေးကောက်ခံ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ (NLD) သည် (၂၄) နာရီအတွင်း မိမိတို့ ရောက်ရာ နေရာမှ Zoom Hluttaw လွှတ်တော် အရေးပေါ်အစည်းအဝေး ကို ခေါ်ယူခဲ့ကြောင်း၊ အဆိုပါ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး သို့ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၂၉၈) ဦး တက်ရောက်ခဲ့ကြပြီး ၊ ဧည့်သည်လေ့လောသူများအဖြစ် ကုလသမဂ္ဂ တာဝန်ရှိသူများ ၊ အမေရိကန်ပြည်ထောင်စု ၊ ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ ၊ ဆွီဒင် ၊ နော်ဝေ ၊ UK အစရှိသည့် သံရုံးများမှ သံအမတ်များ နှင့်သံရုံးတာဝန်ခံများ တက်ရောက်ခဲ့ကြောင်း၊ ရွေးကောက်ခံ ပြည်ထောင်စုလှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့အား ပြည်သူလူထုက ရွေးကောက်ပွဲများမှ တဆင့်ပေးအပ်ထားသည့်တရားဝင်မှုကို ထပ်လောင်း အတည်ပြုခဲ့ကြပြီး အဆိုပါတရားဝင်မှုအား - စစ်ခေါင်းဆောင် များက အဓမ္မအာဏာသိမ်းယူထားသည့် မည်သည့်လုပ်ဆောင်ချက်ကမျှ ပျက်ပြယ်အောင် ပြုလုပ်နိုင်မည်မဟုတ်ကြောင်း၊ ပြည်သူလူထုနှင့် ပြည်သူ့ဝန်ထမ်းများ ညီညွတ်စွာ ဖြင့် စစ်အုပ်ချုပ်ရေး ယန္တယား ရပ်တန့်စေရန် အာခံနေကြသည့် Civil Disobedience လှုပ်ရှားမှုအားထောက်ခံကြောင်း၊ ပြည်ထောင်စုလွှတ်တော်၏ အခွင့်အာဏာ ဖြင့်အတည်ပြုဖွဲ့စည်းထားသည့် သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောအစိုးရအဖွဲ့သာလျှင် တရားဝင်အစိုးရဖြစ်ကြောင်း မိမိတို့ မှတ်ယူကြောင်း၊  နိုင်ငံတော်၏ ပြည်သူ့ အခွင့်အာဏာကို တရားမဝင် သိမ်းယူသူများသည် နိုင်ငံတော်သစ္စာဖေါက်များ ဖြစ်ကြောင်း ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီထုတ်ပြန်ချက်ရဲ့ နောက်ဆက်တွဲမှာ ဆူပူအုံကြွရေး လှုံ့ဆော်မှုအနေနဲ့  ပြည်သူ့အခွင့်အာဏာကို ပြည်သူ့ လက်ဝယ်အရပြန်ယူကြ ။ Civil Disobedience ကို အားဖြည့် ဝန်းရံကြ ။ အာဏာသိမ်းစစ်အစိုးရ ကို ဆန့်ကျင့်ကြ  ဆိုတဲ့ လှုံ့ဆော်စာတွေပါ ရေးသားထားပါတယ်။

ဒါကတော့ CRPH အမည်ခံ ဥပဒေမဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းက တိုင်းပြည်အပေါ် ဘယ်တုန်းကမှ စေတနာမမှန်တဲ့ အနောက်အုပ်စုနိုင်ငံတွေက သံတမန်တွေနဲ့ ပူးပေါင်းပြီး တိုင်းဖျက် ပြည်ဖျက် လုပ်ငန်းတွေကို စတင်ဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းဖြစ်ပါတယ်။ အာဏာရအဖွဲ့အစည်းဆိုတဲ့ အရှိန်အဝါကို အသုံးချပြီး မဲလိမ်မဲခိုး တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ ကြိုးစားခဲ့ခြင်းဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်သလို ဆူပူအုံကြွနည်း၊ အကြမ်းဖက်နည်းတွေနဲ့ အာဏာရယူဖို့ ကြိုးစားတာဟာလည်း ဥပဒေမဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။


ဆက်လက်ရေးသားဖော်ပြပါမည်။

ဒေါင်းနင်း စုစည်းရေးသား တင်ပြသည်။